Showing posts with label ဗုဒ္ဓဘုရားရှင်. Show all posts
Showing posts with label ဗုဒ္ဓဘုရားရှင်. Show all posts

Monday, April 6, 2009

အဓိဌာန်ဖြင့် ဖူးမြင်ရသည့် ဂေါတမ မြတ်စွာဘုရား ပုံတော်



ဓမ္မမိတ်ဆွေအပေါင်းတို့

ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်း ဖြစ်ပါသည်။ ပုံတော်အစစ်အမှန်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဓမ္မပရိသတ်ကြီးကို စာရေးသူ ရှင်းပြမည် ဖြစ်ပါသည်။

ပထမတွင် ဤပုံတော်၏ရာဇဝင်ကို ရှင်းပြလိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတဦးသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။ ထိုမှတဆင့် လက်လှမ်းမီသမျှ ဗုဒ္ဓစာပေများကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတော့သည်။

ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သစ္စာလေးပါး တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုဆုံးဖြတ်ချက်အရ မြတ်စွာဘုရား ပွင့်တော်မူရာဒေသဖြစ်သော ဗုဒ္ဓဂါယာသို့ ရောက်ရှိလာပါသည်။ ထိုအခါ မြတ်စွာဘုရား၏ သာသနာပြုရာ ဒေသများသို့ သွားရောက်ဖူးမျှော်ရင်း မြတ်စွာဘုရား၏ မူလပုံတော်အစစ်ကို ဖူးမြော်ချင်သည့် သဒ္ဓါတရား ဖြစ်ပေါ်လာပါသည်။

သို့ရာတွင် လောကတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားပြီ ဖြစ်သောကြောင့် သူမ၏စိတ်အကြံသည် မဖြစ်နိုင်မှန်းလည်း သိပါသည်။ သို့ရာတွင် ဗုဒ္ဓစာပေထဲတွင် သစ္စာအဓိဌာန် ပြုပါက အလိုရှိရာ တောင့်တရာ ဖြစ်နိုင်ကြောင်းသိ၍ သစ္စာအဓိဌာန်ပြုရန် ဆုံးဖြတ်လိုက်ပါတော့သည်။ သို့ရာတွင် သာမန် သစ္စာအဓိဌာန် မဟုတ်ပါပဲ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့် မဟာဗောဓိညောင်ပင်ရင်းတွင် အနှစ် (၂ဝ) အားထုတ်ပြီး အဓိဌာန်ပြည့်ပြီးသည့် နေ့တွင် မဟာဗောဓိပင်ကို ဓါတ်ပုံရိုက်ပြီး ရိုက်သည့်ပုံတွင် ဂေါတမ မြတ်စွာဘုရား ပုံတော်ထင်စေရန် သစ္စာပြုပါသည်။

သစ္စာပြုပြီး အဓိဌာန်ထားသည့်အတိုင်း နိုင်ငံခြားယောဂီသည် အနှစ် (၂ဝ)ပတ်လုံး ကြီးစွာသောလုံ့လဖြင့် တရားအားထုတ်ပါသည်။ တရားအားထုတ်ရာတွင်လည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အားထုတ်ခဲ့ပါသည်။ အချိန်တရွေ့ရွေ့ကုန်ကာ အနှစ် (၂ဝ) တင်းတင်းပြည့်သည့်နေ့ ရောက်လာပါတော့သည်။ ထိုပြည့်သောနေ့တွင် သူ၏စိတ်တွင် မြတ်စွာဘုရားမှလွဲ၍ ဘာမှ စိတ်မရှိတော့ချေ။ စိတ်မှာလည်း အလွန်ဖြူစင်ပြီး ကြည်လင်နေပါသည်။

ဤသို့ကြည်လင်သော စိတ်ဓါတ်၊ ယုံကြည်သော သဒ္ဓါတရားတို့ဖြင့် အဓိဌာန်ပြုထားသည့် အတိုင်း မဟာဗောဓိညောင်ပင်ကို ဓါတ်ပုံရိုက်ပါသည်။ သူမ၏စိတ်တွင်လည်း မြတ်စွာဘုရား၏ပုံတော် ပေါ်မည်ဆိုတာ ယုံကြည်မှု တထစ်ချရှိပါသည်။ ထင်ထားသည့်အတိုင်းပင် ကူးသည့်ဓါတ်ပုံတွင် မြတ်စွာဘုရား၏ ပုံတော် ပေါ်လာပါတော့သည်။ ထိုပုံမှာ ယခုပူဇော်ထားသည့်ပုံပင် ဖြစ်ပါတော့သည်။ ဤပုံတော်မှာ ပုံတော်အစစ် ဖြစ်ကြောင်းကို ထောက်ခံသည့် ပုဂ္ဂိုလ်၏အကြောင်းကို နောက်ပိုင်းတွင် ထပ်၍တင်ဆက်ထားပါသည်။

ဓမ္မစာအုပ်ကဏ္ဍတွင် ဓမ္မမိတ်ဆွေများအနေဖြင့် မောင်းထောင် မြေဇင်းဆရာတော်၏ ဓမ္မရသ စာအုပ်များကို ရှေးဦးစွာ ဖတ်ထားစေလိုပါသည်။ ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ တပည့်ရင်းခြာ ဖြစ်ပါသည်။ ကန္နီရွှေသိမ် ဆရာတော်၏ ထေရုပတ္တိကို ကျော်နန္ဒအောင်၏ ဝိပဿနာ အားထုတ်နည်းများ စာအုပ်တွင်၎င်း၊ ဓမ္မစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်၎င်း ဖတ်ရှုနိုင်ပါသည်။

မောင်းထောင် မြေဇင်း ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ နည်းနိသယအတိုင်း သမထ ဝိပဿနာ တရားများ သင်ပြပေးခဲ့သည့်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။ (၃၁)ဘုံခွင်ကို သမာဓိ အလင်းနိမိတ်ဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၊ နဂါးပြည်၊ ငရဲပြည် စသော နေရာဒေသများသို့ သွားရောက်နိုင်ရန် စနစ်တကျ သင်ကြားပေးခဲ့သည်မှာ တရားလောက၌ အထူးပင် ထင်ရှားပါသည်။ မန္တလေးတိုင်း ရန်ကင်းအေးငြိမ်း ရိပ်သာတွင်လည်း ယောဂီများကို တရားပြသပေးခဲ့ပါသည်။ ယောဂီများမှာ ဆရာတော်၏ သမာဓိ ထူထောင်နည်းဖြင့် အလင်းနိမိတ်လွှတ်ကာ ထိုနေရာများသို့ အောင်မြင်စွာ သွားရောက်ခဲ့ပါသည်။ ထိုယောဂီများ အထဲမှ ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်နှင့် ယောဂီဦးစောမြင့်တိုနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ ယောဂီများမှာလည်း မောင်းထောင် မြေဇင်းဆရာတော်၏ နည်းဖြင့် ဝိပဿနာကို အောင်မြင်စွာ အားထုတ်ဖူးပါသည်။

ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်က ဤပုံတော်မှာ မြတ်စွာဘုရား၏ ပုံတော်ဖြစ်ကြောင်းကို စာရေးသူအား ယခုကဲ့သို့ အားရပါးရ ပြောကြားခဲ့ပါသည်။

မေး - ဆရာရေ၊ မောင်းထောင် မြေဇင်း ဝိပဿနာ အတွေ့အကြုံလေးကို ပြောပြပါဦးခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ အဓိကကတော့ သမာဓိထူထောင်ပြီး သမာဓိ တည်ကြည်လာတော့ စိတ်ကိုညွှတ်ပြီး အလင်းနိမိတ် လွှတ်တဲ့သဘောပါ။ သမာဓိခိုင်တော့ ဝိပဿနာကူးပါတယ်။

မေး - တာဝတိံသာနတ်ပြည်က လူ့ပြည်နဲ့ တူပါသလား ဆရာ။

ဖြေ - မဟုတ်ဘူးခင်ဗျ။ အကုန်လုံး အသက်ငယ်ငယ် အရွယ်တွေပါဘဲ။ အဝတ်အစားတွေကလည်း တောက်တောက် ပြောင်ပြောင်တွေ ဝတ်ကြပါတယ်။ အနီရောင် တောက်တောက်၊ အဝါရောင် တောက်တောက် တို့ ဝတ်ထားပါတယ်။ အကုန်လုံးကလည်း ပျော်နေကြပါတယ်။ ပွဲလမ်းသဘင်တွေလည်း များပါတယ်။ အဝတ်အစားတွေကတော့ ပုဂံခေတ်က အဝတ်အစားအတိုင်း ဝတ်ကြပါတယ်။ နတ်သားတွေ၊ နတ်သမီးတွေကတော့ တော်တော်များများ အဲဒီလို ဝတ်ကြပါတယ်။ ဘုံဗိမာန်ရှင် နတ်သား၊ နတ်သမီးတွေကတော့် ရွှေငွေ လက်ဝတ်ရတနာတွေ ဝတ်ကြပါတယ်။ ဗိမာန်ရှင်တွေကတော့ နည်းပါတယ်။ အခြွေအရံ နတ်တွေက များကြပါတယ်။ ဒါပေမယ့် သူတို့က အမြဲပျော်နေကြတယ် ခင်ဗျ။

မေး - သိကြားတို့၊ နတ်မင်းကြီး လေးပါးတို့ရော တွေ့ခဲ့သေးလား ဆရာ။

ဖြေ - ဟုတ်ကဲ့။ သိကြားမင်းကတော့ နတ်ဝတ်နတ်စားနဲ့ အထူးအနေဖြင့် အရှေ့က ထူးခြားတဲ့ သူမတူတဲ့ အဆောင်အယောင် ပါပါတယ်။ နတ်မင်းကြီးလေးပါးကတော့ တောက်တောက် အရောင်တွေ၊ အဆောင်အယောင်တွေ ဝတ်ပါတယ်။ နီ၊ ဝါ၊ စိမ်း ပြာ တရောင်စီပါ ဝတ်ကြပါတယ် ခင်ဗျာ။ ကြည့်ရင် သိသာပါတယ်။

မေး - ဆရာ ပြီးတော့ ဘယ်ရောက်ခဲ့သေးလဲ။

ဖြေ - ကျနော်ကတော့ ဘုရားရှင် အဘိဓမ္မာ ဟောကြားတဲ့ သိကြားမင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာတို့၊ သုဓမ္မာ ဇရပ်တို့၊ နန္ဒဝန် ပန်းဥယျာဉ်၊ စူဠာမဏိ စေတီတော်တို့လည်း ရောက်ပါတယ်။ နတ်ပြည်က ကောင်းကင်ကြီးကတော့ ပန်းရောင်၊ ခရမ်းရောင်ပါဘဲ။ မြေပြင်ကတော့ ကတ္တီပါ ကော်ဇောစိမ်းကြီးလိုဘဲ။

မေး - ဘုရားရှင်ရဲ့ပုံတော်ကိုလည်း ရှင်းပြပါဦး။

ဖြေ - ဟုတ်ကဲ့။ ပင်လယ်ကသစ်ပင် ခြေရင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာရှေ့ရောက်တော့ အဓိဌာန် ပြုကြည့်ပါတယ်။ ဘယ်လို အဓိဌာန်ပြုသလဲ ဆိုတော့ ဤနေရာသည် ဘုရားရှင် အဘိဓမ္မာ တရားတော် ဝါတွင်း (၃)လပတ်လုံး ဟောကြားခဲ့သည့်နေရာ မှန်ပါလျှင် ဘုရားရှင်ကို သက်ရှိထင်ရှားအတိုင်း ဖူးတွေ့လိုပါ၏လို့ အဓိဌာန်ပြုပါတယ်။ အဲဒီအခါကျတော့ ဖူးတွေ့ရပါတယ်။ ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာထက်မှာ ဘုရားရှင်က တင်ပလ္လင်ခွေထိုင်ပြီး တရားဟောနေပါတယ်။ အောက်မှာက သန္တုသီ နတ်သား၊ သက္က သိကြားမင်း၊ နတ်မင်းကြီး လေးပါး၊ ဗြဟ္မာမင်းတွေ ပြီးတော့ များပြားလှတဲ့ နတ်တွေ၊ ဗြဟ္မာတွေဗျာ။ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲ ကြည့်သလိုဘဲ။ အလယ်မှာ ဘုရားရှင်က တရားဟော၊ အလယ်ကနေ အထက်ထိ နတ်ဗြဟ္မာ ပရိတ်သတ်တွေ။ အလွန်ကြည်နူးစရာ ကောင်းပါတယ်။

မေး - ဆရာရေ၊ မြတ်စွာဘုရားရဲ့ပုံတော်ကိုလည်း အသေးစိတ် ပြောပြပါဦး။

ဖြေ - အေးဗျ၊ အခုပုံတော်နဲ့တော့ တထေရာတည်းဘဲဗျာ။ လည်ပင်းတော်က ဆင်စွယ်လို ဖြူပြီး အဖုအထစ် မရှိဘူး ခင်ဗျ။ လုံးပြီးတော့ ချောနေတာဘဲ။ နားတော်ကလည်း ပခုံးထိ ရှည်တယ်။ မျက်နှာတော်ရဲ့အလယ်မှာ ဥဏ္ဏလုံ မွှေးရှင်တော်လည်း ရှိတယ်ခင်ဗျ။ လက်တော်ကလည်း သွယ်လျတယ်။ ရှည်တယ်။ ခြေဖဝါးတော်ကလည်း ညီညာတယ်။ နှာခေါင်းတော်ကလည်း စင်းတယ်။ အထူးခြားဆုံးကတော့ ရောင်ခြည်တော် ခြောက်သွယ်ပါဘဲ။ လိမ်လို့ မရဘူးခင်ဗျ။ ပုခုံးတော်ကနေ ထွက်တာဗျ။ နတ်ဗြဟ္မာတွေနဲ့ ယှဉ်ရင် ဘယ်လိုမှကို နှိုင်းယှဉ်လို့ မရအောင် ထူးခြားပြီး သွင်ပြင်လက္ခဏာ ကြည်လင်ပါပေတယ်ဗျာ။ ကြည်ညိုစရာ အရမ်းကောင်းပါတယ်ဗျာ။

မေး - ကျေးဇူးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက်ပါ။

ဖြေ - ဟုတ်ကဲ့။ ကျွန်တော်လည်း ဝမ်းမြောက်ပါတယ်။ ကမ္ဘာကို ပြန့်အောင် ဖြန့်ပေးပါခင်ဗျာ။ ထူးခြားပါလိမ့်မယ်။

ထိုအမေးအဖြေ လုပ်ခဲ့သော ဆရာဦးမြင့်နိုင်မှာ ယခုလက်ရှိ မန္တလေးမြို့ ၇၄လမ်းနှင့် ၃၅လမ်းကြားထောင့်တွင် နေထိုင်လျက်ရှိပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယောဂီဦးစိုးမြင့်ကိုလည်း ဖုန်းနံပါတ် (၉၅-၂-၃၂၂၇၉)သို့ ဆက်၍ မေးမြန်းနိုင်ပါသည်။ ဆရာဦးမြင့်နိုင်မှာ ယောဂီဦးစောမြင့်အား ဝိပဿနာရှုမှတ်နည်း သင်ကြားပြသပေးခဲ့သူ ဖြစ်ပါသည်. ယခုလည်း ဝိပဿနာတရားတော်များကို သင်ကြားပြသပေးလျက် ရှိပါသည်။ ထို့အပြင် ရန်ကင်းအေးငြိမ်း ဓမ္မရိပ်သာသို့ ဖုန်းနံပါတ် (၉၅-၂-၅၇၂၅၃) သို့ဆက်၍ မေးမြန်းနိုင်ပါသည်။

မင်းမင်းသိန်း

…………………………………

အထက်ပါစာစုကို မိတ်ဆွေတဦး ပေးပို့သော အီးမေးလ်မှတဆင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။



Monday, September 8, 2008

ဗုဒ္ဓဘုရားရှင်အကြောင်းက စပါမယ်

..

ဗုဒ္ဓဘုရားရှင် အကြောင်းက စပါ့မယ်။ ကပိလဝတ် ထီးနန်းကို ဆက်ခံစိုးစံသော သုဒ္ဓေါဓနမင်းကြီးနှင့် ဒေဝဒဟ မင်းသမီး သီရိမဟာ မာယာဒေဝီတို့ စုံဖက်တော်မူသောအခါ မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့် ကြာသာပတေးနေ့တွင် ဘုရားအလောင်းအလျာ သိဒ္ဓတ္ထမင်းသားအား ပဋိသန္ဓေ တည်ပါသည်။

ဆယ်လပြည့်သောအခါတွင် မယ်တော်မာယာသည် ခမည်းတော်စံရာ ဒေဝဒဟပြည်သို့ သွားလိုသော စိတ်ဆန္ဒ ရှိသဖြင့် သွားရာ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်ကြား အင်ကြင်းတော၌ သိဒ္ဓတ္ထမင်းသားအား ဖွားမြင်ခဲ့ ပါသည်။ ထိုနေ့က မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ ဖြစ်ပါသည်။ (ဘီစီ ၅၆၇ ) သိဒ္ဓတ္ထ မင်းသား ဖွားမြင်ပြီး (၇)ရက်မြောက်တွင် မယ်တော်မာယာသည် သေဆုံးသွားရာ မိထွေးတော် ဂေါတမီက နို့တိုက်မွေးမြူခဲ့ရသည်။

အရွယ်ရောက်လာသောအခါ သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ဘဒ္ဒကဉ္စနာနှင့် လက်ဆက်တော်မူသည်။ ထို့နောက် ဘဒ္ဒကဉ္စနာအား ယသော်ဓရာ ဗိမ္မာဒေဝီအမည်ဖြင့် အဂ္ဂမဟေသီအရာ ထားတော်မူသည်။ သက်တော်(၂၈) အရွယ် ရောက်သောအခါ ဥယျာဉ်တော်သို့ ထွက်စံတော်မူချိန်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း တည်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ရာမှ သတိသံဝေဂရခဲ့သည်။

ထိုအချိန်တွင် ယသော်ဓရာဒေဝီမှ သားတော် ရာဟုလာကို ဖွားမြင်ခဲ့သည်။ သက်တော် (၂၉)နှစ်အရွယ် သိဒ္ဓတ္ထ မင်းသားသည် မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့တွင် ကာမဂုဏ်ကို ငြီးငွေ့တော် မူလာသဖြင့် တောထွက်ခဲ့သည်။

အနော်မာမြစ်ကမ်းတွင် ရဟန်းပြုပြီးနောက် အာဠာရ ရသေ့ထံ ချဉ်းကပ်၍ ဈာန်သမာပတ်ကို အားထုတ်သော အခါ လောကီဈာန် ခုနှစ်ဆင့်ကို ရရှိခဲ့သည်။ ထို့နောက် ဥဒက ရသေ့ထံတွင် ဆက်လက်၍ အထက်ဈာန်ကို အားထုတ်ရာ သမာပတ် ရှစ်ဆင့်ကို ရရှိခဲ့သည်။

သို့ရာတွင် ဤဈာန်သမာပတ်တို့သည် ဆင်းရဲခြင်းမှ လွတ်မြောက်ရာအမှန်ဟု ယုံကြည်တော်မမူသည့်အတွက် တရားအစစ်အမှန်အား ရှာဖွေရန် ဥရုဝေလတောအုပ်သို့ သွားလေသည်။ ထိုတောအုပ်တွင် ခြောက်နှစ်တာမျှ အလွန် ပင်ပန်းဆင်းရဲလှစွာသော ဒုက္ခရစရိယာအကျင့်ကို ကျင့်တော်မူသည်။

သို့သော်လည်း ထိုအကျင့်သည် ဘုရားအဖြစ်သို့ မရောက်နိုင်ဟု ဆင်ခြင်မိ၍ အာဟာရကို ပြန်လည်မျှတစေပြီး ဗောဓိညောင်ပင်တစ်ပင်အောက်သို့ ကြွချီကာ ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အာနာပနဈာန်ကို ဝင်စားတော် မူသည်။

မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လဆန်း ၁၄ ရက် အင်္ဂါနေ့ ညဥ့်ဦးယံတွင် သတ္တဝါတို့၏ သန္တာန်တွင် ဖြစ်ဖူးသော ခန္ဓာအစဉ် အကြောင်းအကျိုးကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသ ဥာဏ်တော်ကို ရရှိခဲ့သည်။ သန်းခေါင်ယံတွင် သတ္တဝါတို့၏ ရုပ်ခန္ဓာကို ကုန်စင်အောင်သိနိုင်သော ဒိဗ္ဗစက္ခုဥာဏ်ကို ရရှိခဲ့သည်။

မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အာရုဏ်တက်တွင် ကိလေသာကို ချုပ်ငြိမ်းစေပြီး အလုံးစုံသောတရားကို သိမြင်စေသော သဗ္ဗညုတဥာဏ်ကို ရရှိတော်မူရာ လောကသုံးပါး၏ အထွတ်အထိပ် ဖြစ်သော မြတ်စွာဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။

ဘုရားရှင်အဖြစ် ရောက်ရှိတော်မူပြီးနောက် မိဂဒါဝုန်တောသို့ ကြွချီတော်မူပြီး ရှေးကကျေးဇူးရှိခဲ့ဘူးသော ပဉ္စဝဂ္ဂီ ငါးဦးအား မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ဝါဆိုလပြည့် စနေနေ့တွင် တရားဦး ဟောကြားတော်မူသည်။

ဟောကြားသော်မူသော တရားက ဓမ္မစက္က ပဝတ္တသုတ်ခေါ် ဓမ္မစကြာတရားတော် ဖြစ်သည်။ ထိုအချိန်မှစ၍ မြတ်စွာဘုရားရှင်သည် (၄၅)ဝါပတ်လုံး လှည့်လည်၍ တရားဓမ္မများ ဟောကြားတော်မူခဲ့သည်။ မရေမတွက် နိုင်သော သတ္တဝါများတို့သည် တရားတော်ကို နာကြားရပြီးနောက် သံသရာမှ လွတ်မြောက်သွားခဲ့သည်။

မဟာသက္ကရာဇ် ၁၄ဝ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် သက်တော်(၈ဝ) ရှိတော်မူပြီ ဖြစ်သော မြတ်စွာ ဘုရားသည် ကိုယ်တော်တိုင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ဘီစီ ၄၈၇ )

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာတွင် ဘုရားရှင် ဟောကြားတော်မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာများ မကွယ်ပျောက်စေရေးအတွက် အရှင်မဟာကဿပမှ ကြီးမှူးပြီး မဟာသက္ကရာဇ် ၁၄၈ ဝါခေါင် လပြည့်ကျော် တစ်ရက်နေ့တွင် ပိဋကတ်သုံးပုံတို့ကို ရွတ်ဖတ်၍ ပထမအကြိမ် သင်္ဂါယနာ တင်လေသည်။

မဟာသက္ကရာဇ် ၂၅ဝ ( သာသနာသက္ကရာဇ် ၁ဝဝ ) တွင် ဒုတိယအကြိမ် သင်္ဂါယနာတင်ပွဲကို အရှင်မဟာယသ မှ ဝေသာလီပြည် တွင် ကြီးမှူးကျင်းပခဲ့သည်။ ( ဘီစီ ၄၄၃ )

သာသနာသက္ကရာဇ် ၂၃၅ တွင် ပါဋလီပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် အရှင် မောဂ္ဂလိ ပုတ္တတိဿမှ ကြီးမှူး၍ တတိယအကြိမ် သင်္ဂါယနာတင်ခဲ့သည်။

သီဟိုကျွန်း ဝဂ္ဂဂါမဏိမင်းလက်ထက် သာသနာသက္ကရာဇ် ၄၅ဝ တွင် စတုတ္ထအကြိမ် သင်္ဂါယနာကို တင်နိုင်ခဲ့ သည်။ ( ဘီစီ ၉၄ )

ပဉ္စမမြောက် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် မန္တလေးနေပြည်တော်တွင် သာသနာ သက္ကရာဇ် ၂၄၁၅ တွင် ကျင်းပနိုင်ခဲ့သည်။ ( အေဒီ ၁၈၄၁ )

ဆဌမအကြိမ် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် သာသနာသက္ကရာဇ် ၂၄၉၈ တွင် ကမ္ဘာအေး စေတီ၌ ကျင်းပခဲ့သည်။ ( အေဒီ ၁၉၅၄ )

ဗုဒ္ဓဘုရားရှင်ဟာ ဘာဖြစ်လို့ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးရဲ့ ကိုးကွယ်ရာ ဖြစ်နေရပါသလဲ။ ဗုဒ္ဓဘုရားရှင်ဟာ အောက်ဖော်ပြပါ ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသောကြောင့် ဖြစ်ပါတယ်။

၁။ အရဟံ ... ဗုဒ္ဓဘုရားရှင်သည် ကိလေသာ ကင်းစင်တော်မူသဖြင့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူခြင်း။
၂။ သမ္မာသမ္ဗုဒ္ဓေါ ... သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူခြင်း။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော ... အသိဥာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မူခြင်း။
၎။ သုဂတော ... မှန်ကန်၍အကျိုးရှိသော စကားကိုသာ ဆိုတော်မူတတ်ခြင်း။
၅။ လောက
ိဒူ ... သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတည်းဟူသော လောကသုံးပါးကို အမှန်အတိုင်း သိတော်မူခြင်း။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ... ဆုံးမထိုက်သော သတ္တ၀ါအပေါင်းအား ဆင်းရဲဒုက္ခမှ လွတ်ကင်းအောင် ဆုံးမတော်မူခြင်း
ရ။ သတ္တာဒေ
မနုဿာနံ ... လူ၊ နတ် တို့အား ကောင်းရာကောင်းကြောင်းကိုသာ ညွှန်ပြပေးတော်မူခြင်း။
၈။ ဗုဒ္ဓေါ ... သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိပြီး တစ်ပါးသူကိုလည်း သိအောင် ဟောကြား ဆုံးမတော်မူခြင်း။
၉။ ဘဂ
... မိမိစိတ်နှင့်တကွ တစ်လောကလုံးကို အစိုးရတော်မူသော ဘုန်းတော်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ များပြားသောအခြွေအရံ၊ ကျော်စောမူနှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝတော်မူသော ဘုန်းတော်နှင့် အတုမရှိသော လုံ့လ၀ီရိယ နှင့် ပြည့်စုံတော်မူသော ဘုန်းတော်တည်းဟူသော ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်း။


သစ္စာလေးပါး သည် ဗုဒ္ဓဘုရားရှင်၏ ပထမဦးဆုံးဟောသော တရားပင်ဖြစ်သည်။ ၄င်းတို့မှာ -
(၁) ဒုက္ခ သစ္စာ ( ဆင်းရဲခြင်း အမှန် )
(၂) သမုဒယ သစ္စာ ( ဆင်းရဲရခြင်း အကြောင်းတရား အမှန် )
(၃) နိရောဓ သစ္စာ ( ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်း အမှန် )
(၄) မဂ္ဂ သစ္စာ ( ဆင်းရဲခြင်းမှ လွတ်မြောက်ရာ အကြောင်းတရား အမှန် )


လောကတွင် သတ္တဝါအဖြစ် ပဋိသန္ဓေဖြစ်ခြင်း၊ မွေးဖွားလာရခြင်း၊ အသက်ရှင်ရန် လုံးပန်းနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေဆုံးရခြင်းတို့သည် သံသရာတွင် ကျင်လည်နေသော သတ္တဝါတိုင်း မလွဲမသွေ ကြုံတွေ့ ခံစားရမည်ဖြစ်သဖြင့် သတ္တဝါဖြစ်ရခြင်းသည်ပင် ဆင်းရဲခြင်းအမှန်ဖြစ်သည်ဟု ဗုဒ္ဓဘုရားရှင်က ရှုမြင်သည်။

ဤသို့ ဆင်းရဲဒုက္ခ ရောက်ရခြင်းအကြောင်းသည် ရုပ်၊နာမ်အစုတို့ ဖြစ်ပေါ်ရန် ပြင်းပြသော ဘဝကိုစွဲမက်သော တဏှာကြောင့်ပင် ဖြစ်သည်။ ထိုသို့စွဲမက်ရခြင်းအကြောင်းသည်ပင် အဝိဇ္ဇာတည်းဟူသော အသိပညာ ကင်းမဲ့မူကြောင့် ဖြစ်သည်။

ဆင်းရဲခြင်းကို သိလျင် ဆင်းရဲခြင်းမှ လွတ်ကင်းရာကိုလည်း သိနိုင်သည်။ ဆင်းရဲရခြင်းမှာ ရုပ်နှင့် နာမ်ကြောင့် ဖြစ်သဖြင့် ရုပ်နှင့် နာမ်တို့ ချုပ်ငြိမ်းရာသည် ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်းအမှန် ဖြစ်သည်။

သို့ရာတွင် နောက်ထပ်တဖန် ရုပ်နှင့် နာမ်တို့ ပြန်မဖြစ်စေရ။ ဆင်းရဲခြင်းမှ လွတ်မြောက်အောင် လုပ်နည်း အမှန်သည် ရှိသည်။ ဤသည်မှာ မဇ္ဈိမပဋိပဒါ အလယ်အလတ် ကျင့်စဉ်ပင် ဖြစ်သည်။

အလယ်အလတ် ကျင့်စဉ် ဆိုတာ ဘာလဲ။ အလယ်အလတ် ကျင့်စဉ် ဆိုတာ လျော့လွန်းခြင်း၊ တင်းလွန်းခြင်း ဟူသော အစွန်းနှစ်ပါးမှ ရှောင်ရှားထားခြင်းဖြစ်သည်။ ထိုကျင့်စဉ်သည် (၈)မျိုးရှိသည်။ ၄င်းတို့မှာ -
(၁) သမ္မာဒိဌိ ... ကောင်းသော အယူ
(၂) သမ္မာသင်္ကပ္ပ... ကောင်းသော အကြံအစည်
(၃) သမ္မာဝါစာ ... ကောင်းသော ပြောဆိုဆက်ဆံမှု
(၄) သမ္မာကမ္မန္တ ... ကောင်းသော အလုပ်
(၅) သမ္မာအာဇီဝ ... ကောင်းသော အသက်မွေးမှု
(၆) သမ္မာဝါယမ ... ကောင်းသော လုံ့လထုတ်မှု
(ရ) သမ္မာသတိ ... ကောင်းသော သတိ
(၈) သမ္မာသမာဓိ ... ကောင်းသော တည်ကြည်မှု


ရှစ်ပါးသော ဤတရားကို ကျင့်နိုင်ပါလျင် ဆင်းရဲခြင်းဒုက္ခတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရမည် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ရည်မှန်းချက်သည် နိဗ္ဗာန်ပင်ဖြစ်သည်။ နိဗ္ဗာန်ဆိုသည်မှာ ဖြစ်တုံ့ ပျက်ပြန် သံသရာတွင် ကျင်လည်နေရာမှ လွတ်မြောက်သွားခြင်းဖြစ်သည်။ တနည်းဆိုရသော် နောက်ဘဝသစ် တခု ထပ်ဖြစ်မလာတော့ဘဲ အပြီးတိုင် ချုပ်ငြိမ်းသွားခြင်းပင်ဖြစ်သည်။

ဗုဒ္ဓဘာသာတွေဟာ ကံ နှင့် ကံ၏အကျိုးလို့ ပြောပြောနေကြတယ်။ ကံ ဆိုတာဘာလဲ။ ပါဠိလို ကမ္မဟုခေါ်သော ကံ ဆိုသည်မှာ မိမိပြုလုပ်သော အလုပ်ကိုခေါ်သည်။ ကံကို (၃)မျိုးခွဲခြားနိုင်သည်။ ၄င်းတို့မှာ -
(၁) ကာယကံ ... ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(၂) ဝစီကံ ........ နှုတ်ဖြင့်ပြုလုပ်ခြင်း။
(၃) မနောကံ ... စိတ်ဖြင့်ပြုလုပ်ခြင်း။


ကံတွင် ကောင်းသောကံ နှင့် မကောင်းသောကံ ဟူ၍ရှိသည်။ ကောင်းသောကံသည် ကောင်းကျိုးပေးနိုင်ပြီး မကောင်းသောကံသည် မကောင်းကျိုးပေးနိုင်သည်။ သို့ရာတွင် အကျိုးပေးမည့် နေရာဌာန အချိန်ကာလ၊ အကျိုးမပေးမည့် နေရာဌာန အချိန်ကာလများ လည်းရှိသေးသည်။

ဗုဒ္ဓဘာသာဝင်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ ပြောပြောနေကြတယ်။ အဲဒါတွေက ဘာတွေလဲ။

(၁) အနိစ္စံ ခယဌေန ... အမြဲတည်ရှိနိုင်သော သဘောရားမှ ကုန်ခမ်းတတ်သော အနက်သဘောကြောင့် (မမြဲပါ)
(၂) ဒုက္ခံ ဘယဌေန ... ကြောက်မက်ဖွယ်ကောင်းသော အနက်သဘောကြောင့် (ဆင်းရဲတယ်)
(၃) အနတ္တာ အသာရကဌေန ... အနှစ်ဟူ၍ မြူမျှလောက်ပင် မရှိသော အနက်သဘောကြောင့် (အနှစ်သာရ မရှိဘူး)



ဗုဒ္ဓဘုရားရှင် (၄၅)ဝါပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားတွေကို အောက်ပါအတိုင်း (၃)ပုံ ပုံထားပါတယ်။
(၁) သုတ်
(၂) ဝိနည်း
(၃) အဘိဓမ္မာ


သုတ္တန် ဆိုတဲ့ သုတ် (၃)ကျမ်း ရှိပါတယ်။
(၁) သုတ် မဟာဝါ
(၂) သုတ် ပါထေယျ
(၃) သုတ် သီလက္ခန်


ဝိနည်း (၅)ကျမ်း ရှိပါတယ်။
(၁) ပါရာဇိက
(၂) ပါစိထေယျ
(၃) မဟာဝဂ္ဂ
(၄) စူဠဝဂ္ဂ
(၅) ပရိဝါယ်


အဘိဓမ္မာ (၇)ကျမ်း ရှိပါတယ်။
(၁) ဓမ္မသင်္ဂီဏီ
(၂) ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ်
(၅) ကထာဝတ္ထု
(၆) ယမိုက်
(ရ) ပဌာန်း



အဘိဓမ္မာ

အဘိ (မြင့်မားသော) ဓမ္မ (တရား) = မြင့်မားသောတရားဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်၏ အဆီအနှစ်များကို စနစ်တကျ စုစည်းထားခြင်းဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာထားတဲ့ ဆန်းစစ်ပုံ နည်းလမ်းနှင့် အလွန်ကျယ်ပြန့်လှတဲ့ အနက်သဘောတို့ဟာ အဘိဓမ္မာတရားတော်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေအားလုံးဟာ ဆင်းရဲခြင်းမှလွတ်မြောက်ရာဆိုတဲ့ နိဗ္ဗာန်ကိုပဲ ဦးတည်ပါတယ်။ သုတ္တန်ဒေသနာတော်တွေမှာ မြတ်စွာဘုရားဟာ တရားနာပရိတ်သတ်ရဲ့ ပါရမီ အနုအရင့်ကိုလိုက်ပြီး တရားတော်များကို သမရိုးကျ အသုံးအနှုံးမျိုး သုံးနှုံး ဟောကြားတော်မူပါတယ်။

အဘိဓမ္မာတရားတော်များကို ဟောကြားရာမှာတော့ ပရမတ္ထသစ္စာ သက်သက်ကိုသာ အသုံးပြုပါတော့တယ်။ အလုံးစုံသော သဘာဝတရားတို့ကို အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးများအဖြစ် ခွဲခြမ်းစိတ်ဖြာ လိုက်ပါတယ်။

အလုံးစုံသော သဘာဝတရားတို့ကို အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးများအဖြစ် သရုပ်ခွဲ ဆန်းစစ်ပြီးတဲ့ အခါမှာ ၄င်းတို့ အချင်းချင်း ပေါင်းစည်း အကျိုးပြုကြပုံတွေကို ဆက်လက်ရှင်းပြပါတယ်။

ထို့ကြောင့် အဘိဓမ္မာတရားတော်ကို နားလည် သဘောပေါက်စေရန်အတွက် အလွန်ကြီးမားတဲ့ အသိဥာဏ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုမျိုး လိုအပ်ရခြင်း ဖြစ်ပါတယ်။

ကထာဝတ္ထုသည် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါ။ တတိယသင်္ဂါယနာတွင် အရှင် မောဂ္ဂလိ ပုတ္တတိဿက ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များအပေါ် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲများက အမျိုးမျိုး ယူဆ အဓိပ္ပါယ်ကောက်ကာ အငြင်းပွားမှုကို အမေးအဖြေပုံစံဖြင့် ဟောကြားချေပကာ စံသတ်မှတ်ထားသည့် အဓိပ္ပါယ်များအား မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။

ယာမက ခေါ် ယမိုက်ကျမ်းသည် အသုံးချ ယုတ္တိဗေဒကျမ်း ဖြစ်ပြီး အထက်ပါ သဘာဝတရားများကို အတွဲလိုက် ယှဉ်တွဲ၍ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပြထားသည်။

ပဌာန ခေါ် ပဌာန်းကျမ်းသည် ၄င်းသဘာဝတရားတို့ အချင်းချင်း ဆက်နှယ်မှီခိုကာ အပြန်အလှန် အကျိုးပြုနေပုံကို ဆက်နွယ်မှုပုံစံ (၂၄)ခု ဖြင့် တစ်ခုချင်း အသေးစိတ် ရှင်းလင်းပြဆိုထားသည်။

ဓမ္မာသင်္ဂီဏီကျမ်းတွင် ရုပ်၊ စိတ်၊ စေတသိတ် စသည့်အလုံးစုံသော သဘာဝတရားများကို တစ်ခုချင်း အသေးစိတ် ရေတွက် ပြထားသည်။ ထိုသို့ ရေတွက်ရာတွင် ၄င်းတို့၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်နှင့် အချင်းချင်း အပြန်အလှန် ဆက်နွယ် ကျေးဇူးပြုပုံများအလိုက် ပေါ်လွင်စေရန် အမျိုးအစားများခွဲခြား၍ ရှင်းပြထားသည်။

ဝိဘင်္ဂ ခေါ် ဝိဘင်းကျမ်းတွင် ၄င်းတို့ကို အလွန့်အလွန် သေးငယ်သော အစိတ်အပိုင်းများအဖြစ် ပိုင်းခြား စိတ်ဖြာကာ လေ့လာဆန်းစစ်ချက်များကို အခန်း(၁၈)ခန်း ခွဲ၍ ရှင်းပြထားသည်။

ဓာတုကထာတွင် အထက်ပါ သဘာဝတရားများကို ခန္ဓာ၊ အာယတန၊ ဓာတု ဟူ၍ အမျိုးအစားသုံးခုနှင့် ဆက်စက်၍ အမေးအဖြေပုံစံဖြင့် ရှင်းပြထားသည်။

ပုဂ္ဂလပညာတိ ခေါ် ပုဂ္ဂလပညတ်ကျမ်းတွင် နိဗ္ဗာန်လမ်းသို့ အောင်မြင်စွာ လျှောက်လှမ်းသွားသော လူ၊ နတ် တို့၏ ကြိုးစားအားထုတ် အောင်မြင်မှုပုံစံ အမျိုးမျိုးကို နမူနာပြ၍ အထက်ပါတရားများကို ဆက်စပ် ရှင်းလင်းထားသည်။

ဤလောကတွင်

ဆရာသည်လည်း အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိသူမဟုတ်။
တရားသည်လည်း မကောင်းသဖြင့် ဟောအပ်သော တရားဖြစ်သည်။
မကောင်းသဖြင့် သိစေအပ်သော တရားဖြစ်သည်။
သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားမဟုတ်။
ကိလေသာ ငြိမ်းမှုကို ဖြစ်စေတတ်သော တရားမဟုတ်။

တပည့်သည်လည်း
ထိုသာသနာ၌ ထိုဆရာ ဟောအပ်သည့်အကျင့်ကို ရိုသေစွာကျင့်၏။
ထိုဆရာ ဟောအပ်သော တရားနှင့်အညီလည်း ဆောက်တည်၍နေ၏။

ထိုတပည့်မျိုးကို ဤသို့ဆိုအပ်သည်။
အသင်သည် အရမတော်စွ တကား။

ဤဆိုခဲ့သည့်အတိုင်း ထိုသာသနာ၌ ဆရာကိုလည်း ကဲ့ရဲ့အပ်၏။
တရားကိုလည်း ကဲ့ရဲ့အပ်၏။
တပည့်ကိုလည်း ကဲ့ရဲ့အပ်၏။


(ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ်)

သေပြီးနောက်၌ ဖြစ်၏။
သေပြီးနောက်၌ မဖြစ်။
သေပြီးနောက်၌ ဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်။
သေပြီးနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်။

ဤအယူတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။
အဘယ်ကြောင့်ဆိုသော်...
၎င်းတို့သည် ပစ္စုပ္ပန်အကျိုးနှင့် မစပ်။
လောကုတ္တရာ တရားနှင့်လည်း မဆိုင်။
သာသနာတော် အကျင့်မြတ်၏ အစအဦး မဟုတ်။
သံသရာ ဝဋ်ဆင်းရဲ၌ ငြီးငွေ့စေရန် မဖြစ်။
စွဲမက်ခြင်း ကင်းရန် မဖြစ်။
ဆင်းရဲခြင်း ချုပ်ငြိမ်းရန် မဖြစ်။
သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန် မဖြစ်။
နိဗ္ဗာန် ရကြောင်း မမြင်။
ထို့ကြောင့် ထိုတရားတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။


(ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ်)

ဤတရားသည် ဆင်းရဲခြင်းတည်း။
ဤတရားသည် ဆင်းရဲခြင်းဖြစ်ကြောင်းတည်း။
ဤတရားသည် ဆင်းရဲခြင်းချုပ်ငြိမ်းရာ နိဗ္ဗာန်တည်း။
ဤတရားသည် ဆင်းရဲခြင်းချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ရာ အကျင့်တည်း။

ဤတရားများကိုသာ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည်။


(ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ်)

ဗုဒ္ဓဘာသာဝင်တွေဟာ သီလစောင့်တယ် လို့ ပြောနေတာကြားဖူးတယ်။ သီလဆိုတာဘာလဲ။

သီလဆိုတာ စောင့်ထိန်းခြင်းဖြစ်ပါသည်။
စောင့်ထိန်းသော သီလ အရေအတွက်ပေါ်မူတည်ပြီး အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါသည်။
(၁) ၅ ပါးသီလ
(၂) ၈ ပါးသီလ
(၃) ၉ ပါးသီလ
(၄) ၁
ပါးသီလ

အခြေခံဖြစ်သော (၅)ပါးသီလကို ပြောပြပါ့မယ်။
(၁) သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကျဉ်ခြင်း။
(၂) သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကျဉ်ခြင်း။
(၃) သူတစ်ပါး သားမယားကို ပစ်မှားခြင်းမှ ရှောင်ကျဉ်ခြင်း။
(၄) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကျဉ်ခြင်း။
(၅) သေရည်သေရက် သောက်စားမူးယစ်ခြင်းမှ ရှောင်ကျဉ်ခြင်း။


ပါရာဇိက မှာပါတဲ့ အချက်ကလေးတွေကိုလည်း ပြောပြချင်ပါတယ်။
(၁) မေထုန်မှုပြုခြင်း။
(၂) ခိုးခြင်း။
(၃) လူသတ်ခြင်း။
(၄) မြင့်မားတဲ့ အဆင့်အတန်း တခုခု မရဘဲ ရတယ်လို့လိမ်ညာပြောခြင်း။
အဓိကကျတဲ့ ပါရာဇိက(၄)ချက် ဖြစ်ပါတယ်။ ဖောက်ဖျက်မိရင် ရဟန်းအဖြစ်က လုံးဝဆုံးရှုံးရမှာပါ။


နောက်တစ်ခါ သံဃဒိသိသ် (၁၃)ချက် ဆိုတာရှိပါသေးတယ်။ နောက်ထပ် အနိယတ (၂)ချက် ရှိပါတယ်။ နောက်ထပ် နိဿဂ္ဂိယ (၃ဝ)ချက် ရှိပါတယ်။ ပါစိတ္ထိယ (၉၂)ချက် ရှိပါတယ်။ ပါတိဒိသာနိယ (၄)ချက် ရှိပါတယ်။ စက္ခိယ (၇၅)ချက် ရှိပါတယ်။ အဓိကရနသာမသ (၇)ချက် ရှိပါတယ်။

အဲဒီဟာတွေဟာ ဘိက္ခုတွေအတွက် အကျဉ်းအားဖြင့် (၂၂၇) သွယ်သော သိက္ခာပုဒ်များဖြစ်ပါတယ်။ ဘိက္ခုနီတွေ အတွက်တော့ စောင့်ထိန်းရမယ့် သိက္ခာပုဒ် အကျဉ်းအားဖြင့် (၃၁၁)ပုဒ် ရှိပါတယ်။ မဟာဝဂ္ဂမှာတော့ ခန္ဓာက လို့ခေါ်တဲ့ အခန်း(၁ဝ)ခန်း ခွဲပြီးပြထားပါတယ်။

ဗုဒ္ဓဘုရားရှင်အကြောင်း တစ်စိတ်တစ်ဒေသ၊ ရဟန်းဘောင်သို့ ဝင်ခါနီးတွင် မေးမြန်းရမည့် အမေးများ၊ ဝါတွင်း၊ ဝါပနှင့် သက်ဆိုင်ဆက်နွယ်သော လုပ်ဆောင်ဖွယ်ရာများ၊ နေထိုင်မကောင်းသော ရဟန်းတော်နှင့် သက်ဆိုင်သော အစားအသောက်နှင့် ဆေးဝါးများ၊ ကထိန်ကျင်းပပုံများ ပါဝင်ပါသည်။

စူဠဝဂ္ဂ တွင် အခန်း(၁၂)ခန်း ပါဝင်ပြီး အခြားသော အခြေအနေအလိုက် လိုက်နာ ကျင့်ဆောင်ရမည့် အချက်များ၊ မိထွေးတော်ဂေါတမီအား ဘိက္ခုနီ သာသနာတော် ခွင့်ပြုပေးမည့် အကြောင်းများနှင့် ပထမ၊ ဒုတိယအကြိမ် သံင်္ဂါယနာတင်ပွဲများ အကြောင်းတို့ ပါရှိသည်။

ပရိဝါရသည် အမေးအဖြေ ပုံစံဖြစ်ပြီး ဝိနည်းကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ၍ နားလည်တတ်စေရန် ရည်ရွယ်ထားသည်။ ထို့ပြင် ဝိနည်းတော်နှင့် ပတ်သက်၍ အငြင်းပွားစရာများ ဖြစ်လာပါက ဖြေရှင်းနိုင်ရန် အတွက် အခြေခံမူဝါဒများ ပါရှိသည်။

ရဟန်းတို့
သူတစ်ပါးတို့သည် ငါဘုရား၏အပြစ်ကိုဖြစ်စေ၊ တရားတော်၏အပြစ်ကိုဖြစ်စေ၊ သံဃာတော်၏အပြစ်ကိုဖြစ်စေ၊ ပြောကြားရာတွင် သင်တို့သည် ရန်ငြိုးထားခြင်း၊ အမျက်ထွက်ခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း၊ မဖြစ်ကြစေနှင့်။ ဤသို့ဖြစ်ခြင်းသည် အသင်တို့အားသာလျှင် အန္တရာယ်ဖြစ်စေသည်။ ဤသို့ အမျက်ထွက်လျှင် အသင်တို့သည် သူတစ်ပါးတို့၏ စကား အကောင်းအဆိုးကို မသိနိုင်ကြပေ။ ထို့အတွက် ဤစကားတို့သည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ထိုအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ထင်ရှားမရှိဟုပင် မဟုတ်သည်ကို မဟုတ်သည့်အတိုင်း အသင်တို့ ဖြေရှင်းရမည်။

(ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)

ရဟန်းတို့
သူတစ်ပါးတို့သည် ငါဘုရား၏ ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်၏ ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ ဂုဏ်တော်ကိုဖြစ်စေ၊ ပြောကြားရာတွင် သင်တို့သည် နှစ်သက်ခြင်း၊ ဝမ်းသာခြင်း၊ စိတ်အားတက်ကြွခြင်းတို့ မဖြစ်ကြစေနှင့်။ ဤသို့ဖြစ်ခြင်းသည် အသင်တို့အားသာလျှင် အန္တရာယ်ဖြစ်စေသည်။ ထို့အတွက် ဤစကားတို့သည် ဤအကြောင်းကြောင့်လည်း ဟုတ်မှန်၏၊ ထိုအကြောင်းကြောင့်လည်း ဟုတ်မှန်၏၊၊ စင်စစ်အားဖြင့် ဤဂုဏ်တော်သည် ထင်ရှားရှိသည်ဟုပင် ဟုတ်သည်ကို ဟုတ်သည့်အတိုင်း အသင်တို့ ဖြေကြားရမည်။

(ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)

ကိုရဲ

ဗုဒ္ဓဘာသာ အခြေခံ (planet.com ဖိုရမ်မှ)


Link from where I copied this post - http://phyowaikyaw.blogspot.com/2006_12_01_archive.html

.....