လူ၏စိတ်တွင် ပြိုးပြိုးပြက် တခဲနက်သော အရောင်ရှိသည်။ ပင်ကိုယ်သဘောရင်းမှာ စင်ကြယ်သည်။ ဖြူစင်သည်။ မြင့်မြတ်သည်ဟု ဧကဂုင်္တ္တရ ပါဠိတော်တွင် ပါရှိသည့်အကြောင်း ဦးရွှေအောင် ရေးသည့် “ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” စာအုပ်၌ ဖတ်ရှုမိသည်။
တနည်းအားဖြင့် လူသည် စိတ်ရင်းကောင်း၏။ သို့ဖြစ်၍လည်း “ဒီလူကတော့ စိတ်ရင်းကောင်းတဲ့သူ ဖြစ်တယ်”၊ “ဟိုလူကတော့ စိတ်ရင်းမကောင်းဘူး” စသဖြင့် ပြောဆိုတတ်ကြသည်။
စိတ်ရင်းကောင်းခြင်း၏ အမှတ်လက္ခဏာတို့မှာ များပြားစွာပင် ရှိသည်။ လူတို့သည် သူတို့စိတ်ထဲတွင် ကောင်းမွန်သည်ဟု ယူဆမိသော အခြားသူများ (သို့) အခြားသက်မဲ့များအပေါ် မြတ်နိုးတတ်သည်။ ကောင်းသည့်ဘက်- တရားသည့်ဘက်တွင်သာ နေလိုသည်။ မကောင်းသည့်ကိစ္စများ လုပ်ရမည်ကို မဝံ့မရဲ ရှက်ကြောက်တတ်သည်။ လူကိုဖြစ်စေ၊ အခြားသတ္တဝါကိုဖြစ်စေ ကြင်နာတတ်သည်။ ချစ်ခင်တတ်သည်။ ကူညီတတ်သည်။ ကိုယ်ချင်းစာတတ်သည်။ အများအတွက် အနစ်နာခံပေးသည်။ လိုအပ်သည့်အခါ မိမိဘဝကိုပင် စတေး၍ အနစ်နာခံ ကူညီပေးတတ်သည်။
ဤသို့သော စိတ်ရင်းကောင်းများမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ဖြစ်သည်။ ဗြဟ္မစိုရ်တရားများဖြစ်သည်။
ထို့ကြောင့် စိတ်ရင်းကောင်းခြင်းနှင့် ပတ်သက်၍ မည်သည့်လူ-လူမျိုး-နိုင်ငံသား ဖြစ်စေကာမူ အမှန်စင်စစ် မျိုးရိုးဗီဇကို မလိုက်။ လူမှန်သမျှ လူ၏ ကောင်းမွန်သော ပင်ကိုယ်သဘောရင်းဖြင့်သာ မွေးဖွားလာကြသူများသာ ဖြစ်သည်။
လူ၏စိတ်သည် ပြောင်းလွယ် ညွှတ်လွယ်သည်။ အာရုံခံစားရာနောက်ကို လိုက်နေတတ်သည်။ အာရုံသစ်က လွှမ်းမိုးသွားလျှင် စိတ်၏ ပင်ကိုယ်သဘောရင်းမှာ ပြောင်းလဲသွားတတ်သည်။ ကောင်းသည့်လွှမ်းမိုးမှုကိုရလျှင် ကောင်းသွားသည်။ ပို၍ပင် ကောင်းသွားသည်လည်း ရှိသည်။
ထိုနည်းတူ မကောင်းသော လွှမ်းမိုးမှုကို ခံရလျှင် လူ၏စိတ်ရင်းသည်လည်း မကောင်းသည့်ဘက်သို့ ရောက်သွားသည်။
ဥပမာအားဖြင့် စင်ကြယ်-ဖြူစင်-မြင့်မြတ်သောစိတ်ရှိသူအား အတ္တက လွှမ်းမိုးသွားသောအခါ ထိုလူတွင် အတ္တစိတ် ဖြစ်ပေါ်လာသည်။ ထိုအတ္တစိတ်ကြောင့် မိမိအတွက်သာ ရယူချင်လာသည်။ ကောက်ကျစ်စဉ်းလဲတတ်လာသည်။ လှည့်ဖြားတတ်၊ ယုတ်မာတတ်လာသည်။ သူတပါးတွင် ရှိနေခြင်းကို မနာလိုဖြစ်တတ်လာသည်။ မိမိမှ ပေးရမည်ကို နှမြောကာ သဝန်တိုတတ်လာသည်။
ပတ်ဝန်းကျင်ရှိ အခြားမကောင်းသောအာရုံများက လူ၏စိတ်ကို လွှမ်းမိုးသောအခါ ထိုလူ၏ စိတ်သည် မကောင်းသောဘက်ဆီသို့ အလိုက်အထိုက် ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ အကယ်၍ မကောင်းသည့် အာရုံများ မရှိပဲ ကောင်းသည့်အာရုံများကိုသာ ဆက်လက် ဖန်တီးပေးထားနိုင်လျှင် မူလကတည်းက ကောင်းနေပြီးသား လူ၏စိတ်သည် မပျက်စီးတော့ပဲ ဆက်၍သာ ကောင်းနေပေလိမ့်မည်။
ကလေးငယ်တဦးအား မွေးပြီးပြီးချင်း မိဘရင်း မဟုတ်သည့် အခြားလူထံတွင် ကြီးပြင်းစေပါက ထိုကလေးမှာ သူ့အား ပြုစုစောင့်ရှောက်သူ၏ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံကိုသာ အတုခိုး အတတ်သင် နေမည်ဖြစ်၍ ထိုသူ၏စိတ်ရင်းအတိုင်းသာ ဖြစ်လာမည်။ သူ့ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသော အလေ့အထများအတိုင်း အံဝင်ဂွင်ကျဖြစ်အောင်နေရင်း ထိုအလေ့အထများသာ ရှိလာမည် ဖြစ်သည်။
အလေ့အထဖြစ်လာသော်လည်း ခိုင်မြဲသည် မဟုတ်။ အခြား အလေ့အထဖြင့် အစားထိုးနိုင်လောက်အောင် စိတ်က ပြောင်းလွယ်ညွှတ်လွယ်တတ်သောကြောင့် ဖြစ်သည်။ ရောမမြို့ကိုရောက်သော နိုင်ငံခြားသားတဦးအနေဖြင့် ရောမသားစိတ်မျိုး ပြောင်းလဲနိုင်စရာ ရှိသည်။ အင်္ဂုလိမာလသည် အလွန်ဆိုးသွမ်းသော လူသတ်သမား ဖြစ်သော်လည်း မြတ်စွာဘုရား ချွတ်တော်မူသောအခါ နောက်ဆုံးတွင် ရဟန္တာ ဖြစ်လာရသည်။
သို့ဖြစ်ရာ လူတဦးအား စိတ်ရင်းကောင်းသည့် မူလအနေအထား ပြန်ဖြစ်အောင် ပြုပြင်ပေး၍ ရနိုင်စရာ ရှိသည်။ ဖြစ်နိုင်စရာနည်းလမ်း (၂)ခုကိုတော့ စဉ်းစားမိသည်။
ပထမနည်းလမ်းမှာ အတွင်းမှ အပြင်သို့ စွန့်ထုတ်ခြင်း ဖြစ်သည်။ ညစ်ပေနေသောအဝတ်အား ဖြူစင်သွားအောင် လျှော်ဖွပ်သကဲ့သို့ ထိုသူ၏စိတ်ထဲမှ အတ္တစိတ်၊ မာနစိတ်၊ လောဘ-ဒေါသ-မောဟစိတ် စသော မကောင်းသည့် အညစ်အကြေးများကို ဖယ်ရှားပစ်လျှင် စိတ်ရင်းကောင်းများ ပြန်ပေါ်လာမည် ဖြစ်သည်။ နဂိုကရှိပြီးသား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ပြန်လည်အားကောင်းလာနိုင်မည် ဖြစ်သည်။
အခြားနည်းလမ်းတခုမှာ အပြင်မှ ဝင်မလာနိုင်အောင် တားဆီးခြင်း ဖြစ်သည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်သောအခါ အိမ်တံခါးများကို ပိတ်ရသကဲ့သို့ အပြင်ပတ်ဝန်းကျင်မှ အတ္တ၊ မာန၊ လောဘ-ဒေါသ-မောဟ အစရှိသည့် မကောင်းစိတ်များ၊ အာရုံများ ဝင်မလာနိုင်အောင် ပိတ်ဆို့ကာကွယ်ထားလျှင် မိမိ၏ စိတ်ရင်းကောင်းများကို လာရောက်ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ မိမိစိတ်ထဲမှ အားမကျမိအောင်၊ တနည်းအားဖြင့် မိမိအား မလွှမ်းမိုးနိုင်အောင် တားဆီးထားလိုက်ခြင်း ဖြစ်သည်။
အတွင်းမှ အပြင်သို့ စွန့်ထုတ်တတ်ရန်နှင့် အပြင်မှ ဝင်မလာနိုင်အောင် တားဆီးတတ်ရန်မှာ ဘုရား-တရား-သံဃာတည်းဟူသော ရတနာသုံးပါးကို မှန်ကန်စွာ ဆည်းကပ်နိုင်ဖို့တော့ လိုမည်ဖြစ်သည်။
မှန်ကန်စွာ ဆည်းကပ်သည်ဆိုရာတွင် မြတ်စွာဘုရားနှင့်တကွ မြတ်စွာဘုရား၏ သားတော်များ ဖြစ်သော ရဟန်းသံဃာတို့အား ရိုသေလေးမြတ်စွာ ထိုင်ရှိခိုးနေရုံ၊ ဟောတော်မူသော တရားဓမ္မများကို နားထောင်ရုံ၊ ဖတ်ရှုရုံဖြင့်သာ မဟုတ်တော့ပဲ ထိုတရားတော်များအတိုင်း ထပ်တူညီ လိုက်လံကျင့်ကြံ အားထုတ်ခြင်း ဖြစ်သည်။