Wednesday, November 12, 2008

ဓမ္မပဒ (၆၈) - ကောင်းမွန်သောအလုပ် ဆိုသည်မှာ

.

That deed is well done if one has not to repent for having done it, and if one is delighted and happy with the result of that deed.

Verse 68

ပြုလုပ်ပြီးနောက် မိုက်နောင်တနှင့် မပူပင်ရပဲ ကြည်နူးဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရသော အလုပ်မျိုးသည် ကောင်းလှပေ၏။

ဓမ္မပဒ (၆၈) သုမန မာလာကာရ ဝတ္ထု


Friday, November 7, 2008

ဓမ္မပဒ (၆၇) - မိုက်မဲမိခဲ့ခြင်း၏ အပြစ်ဒဏ်

.

That deed is not well done if one has to repent for having done it, and if, with a tearful face, one has to weep as a result of that deed.

Verse 67

.

ပြုလုပ်ပြီးနောက် မိုက်နောင်တနှင့် ပူပန်ရသောအလုပ်မျိုးသည် မကောင်းပေ။ ယင်းမကောင်းသော အလုပ်၏ အကျိုးကို မျက်ရည်ကြီးငယ် ငိုယိုကာဖြင့် ဘဝသံသရာ တလျှောက်လုံး ခံစားရတတ်သည်။

ဓမ္မပဒ (၆၇) ကဿက ဝတ္ထု

Thursday, November 6, 2008

စိတ်ရင်းကောင်းခြင်း

လူ၏စိတ်တွင် ပြိုးပြိုးပြက် တခဲနက်သော အရောင်ရှိသည်။ ပင်ကိုယ်သဘောရင်းမှာ စင်ကြယ်သည်။ ဖြူစင်သည်။ မြင့်မြတ်သည်ဟု ဧကဂုင်္တ္တရ ပါဠိတော်တွင် ပါရှိသည့်အကြောင်း ဦးရွှေအောင် ရေးသည့် “ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” စာအုပ်၌ ဖတ်ရှုမိသည်။

တနည်းအားဖြင့် လူသည် စိတ်ရင်းကောင်း၏။ သို့ဖြစ်၍လည်း “ဒီလူကတော့ စိတ်ရင်းကောင်းတဲ့သူ ဖြစ်တယ်”၊ “ဟိုလူကတော့ စိတ်ရင်းမကောင်းဘူး” စသဖြင့် ပြောဆိုတတ်ကြသည်။

စိတ်ရင်းကောင်းခြင်း၏ အမှတ်လက္ခဏာတို့မှာ များပြားစွာပင် ရှိသည်။ လူတို့သည် သူတို့စိတ်ထဲတွင် ကောင်းမွန်သည်ဟု ယူဆမိသော အခြားသူများ (သို့) အခြားသက်မဲ့များအပေါ် မြတ်နိုးတတ်သည်။ ကောင်းသည့်ဘက်- တရားသည့်ဘက်တွင်သာ နေလိုသည်။ မကောင်းသည့်ကိစ္စများ လုပ်ရမည်ကို မဝံ့မရဲ ရှက်ကြောက်တတ်သည်။ လူကိုဖြစ်စေ၊ အခြားသတ္တဝါကိုဖြစ်စေ ကြင်နာတတ်သည်။ ချစ်ခင်တတ်သည်။ ကူညီတတ်သည်။ ကိုယ်ချင်းစာတတ်သည်။ အများအတွက် အနစ်နာခံပေးသည်။ လိုအပ်သည့်အခါ မိမိဘဝကိုပင် စတေး၍ အနစ်နာခံ ကူညီပေးတတ်သည်။

ဤသို့သော စိတ်ရင်းကောင်းများမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ဖြစ်သည်။ ဗြဟ္မစိုရ်တရားများဖြစ်သည်။

ထို့ကြောင့် စိတ်ရင်းကောင်းခြင်းနှင့် ပတ်သက်၍ မည်သည့်လူ-လူမျိုး-နိုင်ငံသား ဖြစ်စေကာမူ အမှန်စင်စစ် မျိုးရိုးဗီဇကို မလိုက်။ လူမှန်သမျှ လူ၏ ကောင်းမွန်သော ပင်ကိုယ်သဘောရင်းဖြင့်သာ မွေးဖွားလာကြသူများသာ ဖြစ်သည်။

လူ၏စိတ်သည် ပြောင်းလွယ် ညွှတ်လွယ်သည်။ အာရုံခံစားရာနောက်ကို လိုက်နေတတ်သည်။ အာရုံသစ်က လွှမ်းမိုးသွားလျှင် စိတ်၏ ပင်ကိုယ်သဘောရင်းမှာ ပြောင်းလဲသွားတတ်သည်။ ကောင်းသည့်လွှမ်းမိုးမှုကိုရလျှင် ကောင်းသွားသည်။ ပို၍ပင် ကောင်းသွားသည်လည်း ရှိသည်။

ထိုနည်းတူ မကောင်းသော လွှမ်းမိုးမှုကို ခံရလျှင် လူ၏စိတ်ရင်းသည်လည်း မကောင်းသည့်ဘက်သို့ ရောက်သွားသည်။

ဥပမာအားဖြင့် စင်ကြယ်-ဖြူစင်-မြင့်မြတ်သောစိတ်ရှိသူအား အတ္တက လွှမ်းမိုးသွားသောအခါ ထိုလူတွင် အတ္တစိတ် ဖြစ်ပေါ်လာသည်။ ထိုအတ္တစိတ်ကြောင့် မိမိအတွက်သာ ရယူချင်လာသည်။ ကောက်ကျစ်စဉ်းလဲတတ်လာသည်။ လှည့်ဖြားတတ်၊ ယုတ်မာတတ်လာသည်။ သူတပါးတွင် ရှိနေခြင်းကို မနာလိုဖြစ်တတ်လာသည်။ မိမိမှ ပေးရမည်ကို နှမြောကာ သဝန်တိုတတ်လာသည်။

ပတ်ဝန်းကျင်ရှိ အခြားမကောင်းသောအာရုံများက လူ၏စိတ်ကို လွှမ်းမိုးသောအခါ ထိုလူ၏ စိတ်သည် မကောင်းသောဘက်ဆီသို့ အလိုက်အထိုက် ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ အကယ်၍ မကောင်းသည့် အာရုံများ မရှိပဲ ကောင်းသည့်အာရုံများကိုသာ ဆက်လက် ဖန်တီးပေးထားနိုင်လျှင် မူလကတည်းက ကောင်းနေပြီးသား လူ၏စိတ်သည် မပျက်စီးတော့ပဲ ဆက်၍သာ ကောင်းနေပေလိမ့်မည်။

ကလေးငယ်တဦးအား မွေးပြီးပြီးချင်း မိဘရင်း မဟုတ်သည့် အခြားလူထံတွင် ကြီးပြင်းစေပါက ထိုကလေးမှာ သူ့အား ပြုစုစောင့်ရှောက်သူ၏ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံကိုသာ အတုခိုး အတတ်သင် နေမည်ဖြစ်၍ ထိုသူ၏စိတ်ရင်းအတိုင်းသာ ဖြစ်လာမည်။ သူ့ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသော အလေ့အထများအတိုင်း အံဝင်ဂွင်ကျဖြစ်အောင်နေရင်း ထိုအလေ့အထများသာ ရှိလာမည် ဖြစ်သည်။

အလေ့အထဖြစ်လာသော်လည်း ခိုင်မြဲသည် မဟုတ်။ အခြား အလေ့အထဖြင့် အစားထိုးနိုင်လောက်အောင် စိတ်က ပြောင်းလွယ်ညွှတ်လွယ်တတ်သောကြောင့် ဖြစ်သည်။ ရောမမြို့ကိုရောက်သော နိုင်ငံခြားသားတဦးအနေဖြင့် ရောမသားစိတ်မျိုး ပြောင်းလဲနိုင်စရာ ရှိသည်။ အင်္ဂုလိမာလသည် အလွန်ဆိုးသွမ်းသော လူသတ်သမား ဖြစ်သော်လည်း မြတ်စွာဘုရား ချွတ်တော်မူသောအခါ နောက်ဆုံးတွင် ရဟန္တာ ဖြစ်လာရသည်။

သို့ဖြစ်ရာ လူတဦးအား စိတ်ရင်းကောင်းသည့် မူလအနေအထား ပြန်ဖြစ်အောင် ပြုပြင်ပေး၍ ရနိုင်စရာ ရှိသည်။ ဖြစ်နိုင်စရာနည်းလမ်း (၂)ခုကိုတော့ စဉ်းစားမိသည်။

ပထမနည်းလမ်းမှာ အတွင်းမှ အပြင်သို့ စွန့်ထုတ်ခြင်း ဖြစ်သည်။ ညစ်ပေနေသောအဝတ်အား ဖြူစင်သွားအောင် လျှော်ဖွပ်သကဲ့သို့ ထိုသူ၏စိတ်ထဲမှ အတ္တစိတ်၊ မာနစိတ်၊ လောဘ-ဒေါသ-မောဟစိတ် စသော မကောင်းသည့် အညစ်အကြေးများကို ဖယ်ရှားပစ်လျှင် စိတ်ရင်းကောင်းများ ပြန်ပေါ်လာမည် ဖြစ်သည်။ နဂိုကရှိပြီးသား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ပြန်လည်အားကောင်းလာနိုင်မည် ဖြစ်သည်။

အခြားနည်းလမ်းတခုမှာ အပြင်မှ ဝင်မလာနိုင်အောင် တားဆီးခြင်း ဖြစ်သည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်သောအခါ အိမ်တံခါးများကို ပိတ်ရသကဲ့သို့ အပြင်ပတ်ဝန်းကျင်မှ အတ္တ၊ မာန၊ လောဘ-ဒေါသ-မောဟ အစရှိသည့် မကောင်းစိတ်များ၊ အာရုံများ ဝင်မလာနိုင်အောင် ပိတ်ဆို့ကာကွယ်ထားလျှင် မိမိ၏ စိတ်ရင်းကောင်းများကို လာရောက်ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ မိမိစိတ်ထဲမှ အားမကျမိအောင်၊ တနည်းအားဖြင့် မိမိအား မလွှမ်းမိုးနိုင်အောင် တားဆီးထားလိုက်ခြင်း ဖြစ်သည်။

အတွင်းမှ အပြင်သို့ စွန့်ထုတ်တတ်ရန်နှင့် အပြင်မှ ဝင်မလာနိုင်အောင် တားဆီးတတ်ရန်မှာ ဘုရား-တရား-သံဃာတည်းဟူသော ရတနာသုံးပါးကို မှန်ကန်စွာ ဆည်းကပ်နိုင်ဖို့တော့ လိုမည်ဖြစ်သည်။

မှန်ကန်စွာ ဆည်းကပ်သည်ဆိုရာတွင် မြတ်စွာဘုရားနှင့်တကွ မြတ်စွာဘုရား၏ သားတော်များ ဖြစ်သော ရဟန်းသံဃာတို့အား ရိုသေလေးမြတ်စွာ ထိုင်ရှိခိုးနေရုံ၊ ဟောတော်မူသော တရားဓမ္မများကို နားထောင်ရုံ၊ ဖတ်ရှုရုံဖြင့်သာ မဟုတ်တော့ပဲ ထိုတရားတော်များအတိုင်း ထပ်တူညီ လိုက်လံကျင့်ကြံ အားထုတ်ခြင်း ဖြစ်သည်။


Monday, November 3, 2008

ဓမ္မန္တရာယ် အစစ်အမှန်မှာ ဒုစရိုက်သမား

အဓမ္မအပေါ် ဓမ္မက လွှမ်းမိုးနိုင်ရန် သဘာဝ၏ အာနုဘော်အရ ပွင့်ထွန်းလာသည်။
(ဦးရွှေအောင် - “ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” စာအုပ်)

အဓမ္မသည် ဒုစရိုက်တရား ဖြစ်သည်။ လောက၏ ကောင်းကျိုးများကို ပိတ်ဆို့ ဟန့်တား ဖျက်ဆီးပြီး မကောင်းကျိုးများကိုသာ ဖြစ်ထွန်းပွားများစေသည့် ကျင့်ကြံအားထုတ်မှု ဖြစ်သည်။ အတ္တလွန်ကဲမှုကြောင့် ဖြစ်ရသည်။

အဓမ္မ၏ ဆန့်ကျင်ဘက်မှာ ဓမ္မ ဖြစ်သည်။ ဓမ္မသည် သုစရိုက်တရား ဖြစ်သည်။ လောက၏ ကောင်းကျိုး များကိုသာ ကျင့်ကြံအားထုတ်စေသည်။ လောကကောင်းကျိုးအတွက် မကောင်းသည်များကို တားမြစ်သည်။
လူ့လောကတွင် အဓမ္မသည် မည်မျှပင် အားကောင်းစေကာမူ သဘာဝ၏ အာနုဘော်အရ ဓမ္မကတုန့်ပြန်သည်။ လွှမ်းမိုးအောင် အားထုတ်သည်။ မည်သည့်အခါမှ အရှုံးမပေး။ လူ၌ ထိုသို့အားထုတ်တတ်စေသော သဘာဝက အလိုလိုရှိနေပြီး ဖြစ်သည်။ ကာလ-ဒေသ-ပယောဂ သုံးပါး ပြည့်စုံလျှင် ပြန်လည်တိုက်ခိုက် အနိုင်ယူသည်။

လူတို့သည် မိမိတို့ လေ့လာတတ်မြောက်ပြီးသော အရည်အချင်းများအရ လှုံ့ဆော်မှုကို ဖန်တီးပေးနိုင်သော ပတ်ဝန်းကျင်ကို တည်ဆောက်တတ်သည့် သဘာဝ ရှိသည်။ ထိုပတ်ဝန်းကျင်က တဖန် လူတို့အား လူမှန်းသိစမှပင် သုစရိုက်တရားကို ကျင့်ကြံအားထုတ်တတ်အောင် အစဉ်တစိုက် လှုံ့ဆော်ပေးသည်။ ထိုပတ်ဝန်းကျင်မျိုးကို မည်သည့်အခါမှ ပိတ်ဆို့ဟန့်တား ဖျက်ဆီး၍မရ။ လမ်းကြောင်းလွဲ၍ မရ။

လူ၏အသိဥာဏ်များက ပိုမိုတိုးတက်လာသည်နှင့်အမျှ လူ့ယဉ်ကျေးမှုများလည်း ပိုမို ထွန်းကားလေရာ ပတ်ဝန်းကျင် လှုံ့ဆော်မှုများလည်း ပိုမိုအားကောင်းလာရသည်။ သို့ဖြစ်၍ ထိုပတ်ဝန်းကျင်ရှိ လူတိုင်းပင် သုစရိုက်တရားကို ကျင့်ကြံအားထုတ်မိကြသည်။ အားထုတ်မှုကောင်းလာသည်နှင့်အမျှ ဒုစရိုက်တရားကို လက်မခံနိုင်ပဲ ရှိနေတော့သည်။ ဤသည်မှာ လူ့သဘာဝ၏ တန်ခိုး စွမ်းပကား ဖြစ်သည်။

သို့သော် လူ၏ပင်ကိုယ်သဘောအရ အတ္တကြီးမားသည်။ ယင်းသည် ဒုစရိုက်တရားများ ဖြစ်ပေါ်စေရန် အခြေခံအကြောင်းရင်း ဖြစ်သည်။

အတ္တကြီးမားသူတို့သည် ငယ်စဉ်ကာလက သုစရိုက်တရားကို လှုံ့ဆော်ပေးနိုင်သော ပတ်ဝန်းကျင်တွင် အနေနည်းခဲ့သောကြောင့် ဖြစ်နိုင်သည်။ ငယ်စဉ်ပတ်ဝန်းကျင် ကောင်းခဲ့လင့်ကစား ကြီးပြင်းလာသော အခါ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဘဝတွင် ကျင်လည်နေရသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် သုစရိုက်တရားကို တန်ဖိုးထားရကောင်းမှန်း၊ ကျင့်ကြံအားထုတ် (တာဝန်ယူ)ရမှန်း မသိသေးသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု တိမ်းချော်နေသဖြင့် ပြောင်းလဲတိုးတက်နေသော ခေတ်ကာလ ယဉ်ကျေးမှုနှင့်အညီ တန်းတူမလိုက်နိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ အတ္တကြီးမားသူသည် မိမိကိုယ်ကို “သောက” ဖြစ်စေသူသာ ဖြစ်သည်။ သူ၏ လိုချင် တပ်မက်မှု၊ မနာလိုမှု၊ သဝန်တိုမှု၊ သဒ္ဓါတရား ခေါင်းပါးမှုများက သူ့ကိုယ်သူသာ “သောက” ဖြစ်စေသည်။ ပရိဒေဝမီး တောက်လောင်နေစေသည်။ ချမ်းသာခြင်း အစစ်အမှန်ကို မဖြစ်စေနိုင်ပဲ ရှိနေသည်။

အတ္တကြီးမားနေသရွေ့ လောဘဇော မသတ်နိုင်။ ရပြီးရင်း ရချင်နေသည်။ ရပြီးသည်များ ဆုံးရှုံးရမှာကို နှမြောနေသည်။ သင်္ခါရကို တွန်းလှန်ချင်စိတ် ဖြစ်နေသည်။ ဤသည်မှာ ဓမ္မကို တွန်းလှန်ခြင်း ဖြစ်သည်။

သူခံစားရသည့် သောကများကြောင့် အတ္တသမားသည် ဒုစရိုက်များကို ကျူးလွန်ရန် အသင့်ဖြစ်နေတော့သည်။ တဖန် ကျူးလွန်ခဲ့သည်များကို တုန့်ပြန်ခံရမည်စိုးသောကြောင့် ဒုစရိုက်နည်းဖြင့်ပင် ကာကွယ်ရန် အားထုတ်နေမိပြန်သည်။

ဒုစရိုက် ပြုမိခြင်းကြောင့်၊ တနည်းအားဖြင့် “အဓမ္မ” ပြုမိခြင်းကြောင့် သူ့တွင် ဆန့်ကျင်ဘက်များ အလိုလို ရှိလာသည်။ သူ့အား တိုက်ခိုက်မည့်သူများ ရှိလာသည်။ တိုးတက်ယဉ်ကျေးလာသော လူ့သဘာဝက ပေးသည့် “ဓမ္မ အမွေ”ကြောင့် အဆိုပါ ဒုစရိုက်သမားအား ဆုံးမပဲ့ပြင် တားဆီးထိန်းသိမ်းသူများ ရှိလာရခြင်း ဖြစ်သည်။

ဒုစရိုက် ပြုမိခြင်းကြောင့် ရရှိလာသော ချမ်းသာခြင်းကား အစစ်အမှန် မဟုတ်။ ဒုစရိုက်လုပ်ငန်းကြောင့် ဓနအင်အား တိုးပွားနိုင်သည်။ အဆောင်အယောင်၊ ရာထူး မြင့်မြင့်မားမား ရထားနိုင်သည်။ အကာအကွယ်ကောင်းကောင်း ရထားနိုင်သည်။

သို့သော် တချိန်တည်းမှာပင် စိုးရိမ်ပူပန်စိတ် “သောက”များကို သူကိုယ်တိုင်က ယူထားမိနေသောကြောင့် ချမ်းသာခြင်း အစစ်အမှန်ကို မရနိုင်ပဲ ဖြစ်နေရတော့သည်။

..........

အမြင် (၅) မျိုး